Published_ 20 September 2023

အချိုအငန်အရသာတွေကို လူတွေ ကြိုက်နှစ်သက်တတ်တာ သဘာဝဖြစ်ပေမယ့် ဆားနဲ့ သကြား အလွန်အကျွံစားသုံးခြင်းကြောင့် နှလုံးကျန်းမာရေးအပေါ် ဘေးအန္တရာယ်ရှိနိုင်ပုံတွေကို လေ့လာချက်အများအပြား တွေ့ရှိထားပါတယ်။

အငန်နဲ့ အချိုအများအပြားပါဝင်တဲ့ အစားအစာတွေ စားသုံးခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါအမျိုးမျိုး ဖြစ်နိုင်ချေများစေတဲ့အပြင် ဆီးချိုရောဂါ၊ အဝလွန်ခြင်းတို့လည်း ဖြစ်စေနိုင်ပါတယ်။

ဖော်တစ်အက်စ်ကော့ဆေးရုံမှ နှလုံးအထူးကုအကြံပေး ဒေါက်တာမိုဟစ်တန်ဒန်က ဆားနဲ့သကြားဟာ ခန္ဓာကိုယ်ထဲ ဘယ်လိုများပြားစေတယ်ဆိုတာနဲ့ နှလုံးအပေါ် ဘယ်လိုသက်ရောက်စေလဲဆိုတာကို ပြောပြသွားပါတယ်။

နှလုံးအပေါ် သကြားဓာတ်ရဲ့ သက်ရောက်မှုတွေကတော့..
 
အသည်းဇီဝဖြစ်စဥ် - အသည်းမှာ သကြားအလွန်အကျွံ များပြားလာပါက  အဆီအဖြစ်သို့ ပြောင်းလဲပေးကာ အသည်းအဆီဖုံးခြင်း အဝလွန်ခြင်းတို့ ဖြစ်စေနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ချေကို များစေပါတယ်။
 
ကိုယ်အလေးချိန်တက်ခြင်း - အချိုဓာတ်များတဲ့ စားစရာတွေဟာ အလျင်အမြန် အစာကြေသွားတာကြောင့် တင်းတိမ်မှုမရှိဘဲ အလွန်အကျွံ စားမိသဖြင့် ကိုယ်အလေးချိန် များနိုင်ကာ နှလုံးရောဂါ ဖြစ်လာနိုင်ပါတယ်။
 
ရောင်ရမ်းခြင်းနှင့် သွေးပေါင်ချိန် - သကြားအများအပြား စားသုံးတဲ့အခါ နာတာရှည်ရောင်ရမ်းခြင်းနဲ့ သွေးပေါင်ချိန်တက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
 
ကိတ်မုန့်တွေနဲ့ မုန့်ချိုတွေမှာ ပါဝင်တဲ့ ပြည့်ဝဆီတွေမှာ မကောင်းတဲ့ ကိုလက်စ်ထရောလ်တွေ ဖြစ်ပါတယ်။

အဆိုပါ ကိုလက်စ်ထရောလ်တွေ မြင့်မားလာပါက သွေးကြောကျဥ်းရောဂါများ ဖြစ်လာစေနိုင်ပါတယ်။

သွေးကြောတွေကျဥ်းသွားပြီး နှလုံးဆီသို့ သွေးရောက်ရှိမှု နည်းသွားကာ နှလုံးရောဂါဖြစ်နိုင်ချေ များလာပါတယ်။

ဆားမှာပါဝင်တဲ့ ဆိုဒီယမ်က ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေအတွက် အရေးပါပေမယ့် လိုအပ်တဲ့ပမာဏထက် များသွားရင်တော့ ဘေးဖြစ်တတ်ပါတယ်။

လူတစ်ဦးဟာ နေ့စဥ်ဆိုဒီယမ် ၁,၅၀၀ မီလီဂရမ်စားသုံးရန် လိုအပ်ပါတယ်။

အဆင့်ဆင့် ထုတ်ပိုးထားတဲ့ စားစရာတွေကြောင့် ဆိုဒီယမ်အများအပြား စားသုံးမိပြီး ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ပါဝင်မှုကို လျှော့ချဖို့ အရည်အများအပြား ကျန်ရစ်နေပါတယ်။

ဒီအတွက် သွေးပမာဏများပြားလာပြီး နှလုံးကနေ အလုပ်ပိုမိုလုပ်ရကာ သွေးပေါင်ချိန်တက်လာပြီး  သွေးကြောတွေအပေါ် ဖိအားများစေပါတယ်။

အချိန်ကြာလာတာနဲ့အမျှ သွေးတိုးရောဂါဖြစ်လာကာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
Source: India Today.
#World_Health
#YMG #Yangon_Times #Yangon_Media_Group