Published 10 September 2023 

 
သက်ငယ်ပိုင်းလူတွေမှာပါ ကင်ဆာဖြစ်ပွားမှုနှုန်း တဖြည်းဖြည်း မြင့်တက်လာတာက သားကြီးငါးကြီး၊ ဆား၊ အယ်လ်ကိုဟောတို့ကြောင့် ဖြစ်တယ်လို့ သုတေသနတွေ့ရှိထားပါတယ်။ 
 
၁၉၉၀ မှ ၂၀၁၉ အတွင်း အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခဲ့ရာမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်း အသက် ၅၀ အောက်လူတွေမှာ ကင်ဆာဖြစ်ပွားမှုနှုန်း ၇၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း BMJ Oncology မှာ လေ့လာချက်ကို ဖော်ပြခဲ့ပါတယ်။ 
 
၂၀၁၉ ခုနှစ်တစ်ခုတည်းမှာပင် ထိုအသက်အရွယ်လူတွေမှာ ကင်ဆာစောစီးစွာဖြစ်ပွားမှုက စုစုပေါင်း ၃.၂၆ သန်းရှိခဲ့ပြီး ၁၉၉၀ နောက်ပိုင်း ၇၉.၁ ရာခိုင်နှုန်း များပြားလာတာ ဖြစ်ပါတယ်။ 
 
ကင်ဆာနဲ့ ပတ်သက်ပြီး အသက်ဆုံးပါးမှုတွေကလည်း ၁၉၉၀ နောက်ပိုင်း ၂၇.၇ ရာခိုင်နှုန်း များပြားလာခဲ့ပါတယ်။ 
 
ထိုထဲမှာမှ ရင်သား၊ လည်ချောင်း၊ အဆုတ်၊ အစာအိမ် စတဲ့ကင်ဆာတွေက သေဆုံးမှုနှုန်း မြင့်မားနေပါတယ်။ 
 
အစောပိုင်းဖြစ်ပွားလေ့ရှိတဲ့ ကင်ဆာထဲမှာ ရင်သားကင်ဆာက အဖြစ်အများဆုံးဖြစ်နေပြီး အသည်းကင်ဆာ စောစီးစွာဖြစ်ပွားမှုနှုန်းကတော့ ကျဆင်းလာပါတယ်။ 
 
၂၀၁၉ ခုနှစ်အတွင်း ကင်ဆာစောစီးစွာ ဖြစ်ပွားမှုနှုန်း အများဆုံးက မြောက်အမေရိကနဲ့အတူ ဩစတြေးလျဒေသ၊ အနောက်ဥရောပတို့ ဖြစ်နေပါတယ်။ 
 
အရှေ့ဥရောပ၊ သမုဒ္ဒရာပိုင်း၊ အာရှအလယ်ပိုင်းတို့ကတော့ ကင်ဆာကြောင့် သေဆုံးမှုနှုန်း အများဆုံးနေရာတွေ ဖြစ်နေပါတယ်။ 
 
ကင်ဆာကို စောစီးစွာ တွေ့ရှိမှုနှုန်း မြင့်မားလာရခြင်းက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ရောဂါစောစီးစွာ ရှာဖွေတွေ့ရှိတဲ့ နည်းလမ်းတွေ ပေါ်ပေါက်လာတာကြောင့် ဖြစ်ပါတယ်။ 
 
ဗြိတိန်မှာ ဒီလိုမျိုး ကင်ဆာစောစီးစွာ ရှာဖွေတွေ့ရှိမှုကြောင့် ကင်ဆာကြောင့် အသက်ဆုံးရှုံးမှုနှုန်း လျော့နည်းလာတာဖြစ်ကြောင်း စာတမ်းပြုစုသူ ဒေါက်တာရှူလီက ထောက်ပြလိုက်ပါတယ်။ 
 
၂၀၃၀ အရောက်မှာ စောစီးစွာ ကင်ဆာတွေ့ရှိမှုနှုန်း ၃၁ ရာခိုင်နှုန်းနဲ့ အသက်သေဆုံးမှုနှုန်း ၂၁ ရာခိုင်နှုန်း မြင့်တက်လာနိုင်တယ်လို့ သုတေသီများက ခန့်မှန်းထားပါတယ်။ 
 
ဒေသအလိုက် ပတ်ဝန်းကျင် အနေအထား၊ နေထိုင်စားသောက်မှုပုံစံ၊ ဆေးကုသမှု အဆင့်အတန်းပေါ် မူတည်ပြီး ကင်ဆာဖြစ်ပွားမှုနှုန်းနဲ့ အသက်သေဆုံးမှုနှုန်း ကွဲပြားနိုင်တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။ 
 
မျိုးရိုးဗီဇ ပတ်သက်မှုအပြင် အနောက်တိုင်း အစားအစာတွေဖြစ်တဲ့ သားကြီးငါးကြီး၊ ဆား စားသုံးမှုများ၊ အသီးအနှံ နို့ လုံလောက်စွာ မစားသုံးခြင်းတို့က ဒီလိုအန္တရာယ်တွေ မြင့်မားစေနိုင်ပါတယ်။ 
 
အရက်သေစာ၊ ဆေးလိပ်သောက်သုံးခြင်းတို့အပြင် လှုပ်ရှားလေ့ကျင့်ခန်း မပြုလုပ်ခြင်း၊ သွေးတွင်းသကြားဓာတ် မြင့်မားခြင်း၊ BMI မြင့်မားခြင်းတို့က အသက် ၅၀ အောက်အရွယ်တွေမှာ ကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းတွေ ဖြစ်လာပါတယ်။ 
Source: New York Post. 
#Word_Health
#YMG #Yangon_Times