#LocalNews
Published_24 March 2022

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီးပွားရေးရာဝန်ကြီး ၊ ယခင်က မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း ဥက္ကဌဖြစ်ခဲ့သူ ဦးအောင်သန်းဦး နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ဥက္ကဌ မြို့တော်ဝန် ၊ ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးတို့ နှစ်ဦးကို ခေါ်ယူမေးမြန်းနေခြင်းသာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက YGM ကို ပြောသည်။

 

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ၊ သူရ ဦးရွှေမန်း၏ သား ဦးတိုးနိုင်မန်း တို့လည်း အဖမ်းခံရကြောင်း လူမှုကွန်ရက်တွင် သတင်းများ ထွက်ပေါ်နေသည်မှာလည်း မဟုတ်ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေမှာ လာမည့် မတ်လ ၂၇ ရက်တွင် ကျရောက်မည့် တပ်မတော်နေ့အခမ်းအနားတက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေခြင်းသာဖြစ်ကြောင်း ၎င်းကပြောသည်။

 

"ဦးအောင်သန်းဦးနဲ့ မြို့တော်ဝန်ကို ဖမ်းဆီးထိန်းသိမ်းထားတာတော့ မဟုတ်ဘူး။ ခေါ်ယူမေးမြန်းလျက်ရှိတယ်၊ မေးမြန်းစရာတွေရှိတာတွေကို ခေါ်ယူမေးမြန်းလျက်ရှိပါတယ်။ ကျွန်တော်တို့ အကြောင်းစုံပြောနိုင်တဲ့အချိန်မှာ ပြန်ပြီးတော့ပြောပေးပါမယ်။

 

အခုကတော့ ဒီကနေ့ အွန်လိုင်းပေါ် ပြန့်နေတာက ဦးကျော်ဆွေတို့ ဦးတိုးနိုင်မန်းတို့ ဦးရဲထွဋ်တို့ ကိစ္စတွေက မဟုတ်ပါဘူး။

 

ဗိုလ်ချုပ်ကြီး ကျော်ဆွေကတော့ နေပြည်တော်မှာ တပ်မတော်နေ့ အခမ်းအနားတက်ဖို့ ရောက်ရှိလျက်ရှိပါတယ်၊ ကျွန်တော်သိသလောက်ကတော့ ဦးတိုးနိုင်မန်းကတော့ မြန်မာပြည်မှာတောင် မရှိဘူးနဲ့တူတယ်။ နောက်ပြီးကျတော့ ဦးရဲထွဋ်ကိစ္စကလည်း မဟုတ်ပါဘူးဗျာ့"ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

 

ရန်ကုန် စီးပွားရေးဝန်ကြီးနှင့် မြို့တော်ဝန်တို့ကို မည်သည့်အကြောင်းကြောင့် ခေါ်ယူမေးမြန်းနေသည်ကို တိတိကျကျ မသိရသော်လည်း မြေလွတ်မြေရိုင်း လျှောက်ထားကြသည့်ကိစ္စနှင့် ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။

 

ymg/mt
#Yangon_Media_Group