Published 26. May 2023

မြနန်း စံကျော် ရွှေနန်းတော်ကြီး အတွင်းရှိ အဆောင်များအလိုက် အခန်းများအတွင်း ရှေးခေတ်အသုံးအဆောင်များနှင့် ပုံစံတူများ ထားရှိနိုင်ရေးအတွက် မှတ်တမ်းများ ပြန်လည်ကြည့်ရှုဆောင်ရွက်သွားကြရန် နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတွေကို မှာကြားခဲ့ပါတယ်။

နစကဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ မေလ ၂၆ ရက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများလိုက်ပါပြီး  မန္တလေးနန်းမြို့တွင်းရှိ မြနန်း စံကျော် ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးရာမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုနှင့် အရာရှိများက မြနန်းစံကျော် ရွှေနန်းတော်ကြီး အဝန်းအဝိုင်းတစ်ခုလုံးကို ထိန်းသိမ်း ထားရှိမှုများနှင့် ပတ်သက်၍ တင်ပြတဲ့အခါမှာ နစက ဥက္ကဋ္ဌက ယခုကဲ့သို့ ပြောဆိုမှာကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့   သတင်းထုတ်ပြန်ချက်   အရသိရပါတယ်။

မြနန်းစံကျော် ရွှေနန်းတော်ကြီးသည် အခြား နန်းတော်ကြီးများ နှင့် မတူဘဲ တည်ဆောက်ပုံ၊ တည်ရှိပုံများနှင့်ပတ်သက်၍ မှတ်တမ်းမှတ်ရာများ ပြည့် ပြည့်စုံစုံရှိသည့် နန်းတော်ကြီးဖြစ်တယ်လို့ နစက ဥက္ကဋ္ဌကပြောပါတယ်။ ကိုလိုနီခေတ်ကတည်းက ပြည်တွင်း၊ပြည်ပ  မှတ်တမ်းမှတ်ရာ၊ အကိုးအကားများ စုံစုံလင်လင်ရှိပြီးဖြစ်သည့်အတွက် ခိုင်မာသည့် သမိုင်းအထောက်အထားများ၊ မှတ်တမ်းမှတ်ရာများနှင့် ကိုက်ညီအောင် အတတ်နိုင် ဆုံး ဆောင်ရွက်သွားရန်လိုတယ်လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။ရှေး ဟောင်း အမွေအနှစ်လက်ရာများဖြစ်သည့်အတွက် အထူးဂရုပြု ထိန်းသိမ်းစောင့် ရှောက်သွားရန် လိုကြောင်းနှင့် သန့်ရှင်းသပ်ရပ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက် မည်ဆိုပါက လာရောက်လေ့လာသူများကိုလည်း ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီးကပြောခဲ့ပါတယ်။

ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် နှင့် အဖွဲ့ ဝင်တွေဟာ  မှန်နန်းတော်ကြီး၊ ဗောင်းတော်ဆောင်၊ ညီလာခံကျင်းပရာအဆောင်များ၊ မှန်နန်းဆောင်၊ အလယ်နန်းဆောင် တို့အပါအဝင် ရွှေနန်းတော်ကြီးအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-ymg/knl

#မြနန်းစံကျော်ရွှေနန်းတော်

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#YangonMediaGroup