#LocalNews
Published-21 March 2023

ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်မြို့နယ်တွင် နိုင်ငံခြားပြန်သင်္ဘောသား ၂ ဦးအရက်သောက်ရင်း ရေဆင်းကူးရာမှရေနစ်သေဆုံးခဲ့ကြောင်း ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းကသိရသည်။

မတ်လ၂၀ရက် ညနေ၄နာရီခန့်က အဆိုပါ နိုင်ငံခြားက ပြန်လာသည့် သင်္ဘောသား ၂ ဦး က သန်လျင် အမှုထမ်းရပ်ကွက် ရွှေဝါလမ်းသွယ် အမှတ်၁၇ ရှိ ဦးကိုကိုမြတ်နေအိမ်သို့အလည်လာပြီးနောက် သန်လျင်မြို့နယ် ပဲခူးစုရပ်ကွက် ၊ စက်ကန် ၂ တွင်ရေသွားကူးကြရာ အထက်ပါအတိုင်း ၂ ဦးမှာ ရေနစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနစ်ခဲ့သူမှာ ဦးသူရိန်ဖြစ်ပြီး ၎င်းရေနစ်နေသည်ကို ဦးပြည့်စုံက သွား၍ကယ်ရာတွင် ၂ ဦးလုံး ပြန်မပေါ်လာတော့ကြောင်း အသက်ရှင် ကျန်ရှိသူ ဦးကိုကိုမြတ်က ပြောပြချက်အပေါ် ကိုးကား၍ ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုသည်။

ဦးသူရိန်မှာ အင်းစိန်မြို့နယ်တွင်နေထိုင်သူဖြစ်ပြီး ဦးပြည့်စုံမှာ ဒလ မြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

"အရက်သောက်နေရင်း ရေဆင်းကူးတာလိုက် သောက်လိုက်နဲ့ အင်းစိန်က အစ်ကိုက ရေနစ်တဲ့အခါ ဒလက အစ်ကိုသွားကယ်တာ။ အဲဒီမှာ ၂ ယောက်လုံး ပြန်မပေါ်မလာတော့တာ။ နောက်တစ်ယောက်ကတော့ ရေမကူးတတ်တော့ ကမ်းစပ်မှာသောက်နေတာကြောင့် အသက်ရှင်ပါတယ်"ဟု ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းနှင့်လူမှုကူညီရေးအသင်းများ ရှာဖွေကယ်ဆယ်မှုများဆောင်ရွက်ရာတွင် ဦးပြည့်စုံအလောင်းကို မတ်လ၂၀ရက် ညနေ၅နာရီအချိန်တွင်ပြန်လည်တွေ့ရှိသဖြင့် သန်လျင်ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း၊ လက်ရှိတွင်ဦးသူရိန်၏အလောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းလည်း အသင်းကသိရသည်။

#ymg/mt
#ရေဆင်းကူး
#အရက်သောက်
#သင်္ဘောသား
#ရေနစ်သေဆုံး
#Yangon-Media-Group