#World_News
Published_ 2 June 2023

ခေတ်မီဆန်းပြားသော စောင့်ကြည့်ရေးဆော့ဖ်ဝဲကို အသုံးပြုတဲ့ အမေရိကန်သူလျှိုစစ်ဆင်ရေးကို ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု(FSB)က ဇွန်လ ၁ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

FSB က iPhone ထောင်ပေါင်းများစွာကို စစ်ဆေးကြည့်ရာ ရုရှားအခြေစိုက် ကက်စ်ပါစကီ(Kaspersky)ဓာတ်ခွဲခန်းက သူတို့ဝန်ထမ်းဒါဇင်ခန့်ရဲ့ဖုန်းတွေမှာ အမေရိကန်စစ်ဆင်ရေး ပါဝင်နေတယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။

အက်ပဲလ်(Apple)စက်ပစ္စည်းထောင်ပေါင်းများစွာဟာ ကူးစက်ခံထားရကြောင်း FSB က ထုတ်ပြန်လိုက်ပါတယ်။

ဒီထဲမှာမှ ရုရှားပြည်တွင်းပုံမှန်အသုံးပြုသူများနဲ့ ရုရှားအခြေစိုက်နိုင်ငံခြားသံတမန်များရဲ့ ပစ္စည်းတွေပါဝင်နေပါတယ်။

FSB က အက်ပဲလ်လက်ကိုင်ဖုန်းများအသုံးပြုပြီး အမေရိကန်ထောက်လှမ်းရေးလုပ်ဆောင်နေတာကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အက်ပဲလ်နဲ့ ဆက်သွယ်ထောက်လှမ်းရေးလုံခြုံရေး အမေရိကန်အေဂျင်စီဖြစ်တဲ့ အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA)တို့ကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်နေတဲ့ အကြံအစည်ကို FSB က ချပြခဲ့ပါတယ်။

အက်ပဲလ်က လျှို့ဝှက်ကြံစည်မှုကို သိသိနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်ဆိုတဲ့ အထောက်အထားကိုတော့ မပြသခဲ့ပါဘူး။

အက်ပဲလ်ကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုလိုက်ပါတယ်။

ကက်စ်ပါစကီစီအီးအို 'ယူဂျင်းကက်စ်ပါစကီ'က သူ့ဝန်ထမ်းတွေရဲ့ဖုန်းဒါဇင်ခန့်ဟာ လျှို့ဝှက်စစ်ဆင်ရေးမှာ ပတ်သက်နေတယ်လို့ တွစ်တာမှာဖော်ပြလိုက်ကာ ထိပ်သီးအလွှာနဲ့ အလယ်အလတ်အလွှာစီမံခန့်ခွဲရေးတို့ရှိ ဝန်ထမ်းတွေကိုပစ်မှတ်ထားပြီး အင်မတန်ရှုပ်ထွေးလှတဲ့ ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အမေရိကန်ဟက်ကာတွေက အစ္စရေးလ်၊ ဆီးရီးယား၊ တရုတ်၊ နေတိုးအဖွဲ့ဝင်များထံမှ သံတမန်များနဲ့ အပေးအယူလုပ်ခဲ့တယ်လို့ FSB က စွပ်စွဲခဲ့ပါတယ်။

အမေရိကန်ထုတ်လက်ကိုင်ဖုန်းတွေထဲက ဆော့ဖ်ဝဲများမှတဆင့် လျှို့ဝှက်ဒေတာစုဆောင်းခြင်း လုပ်ဆောင်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ထောက်လှမ်းရေးတွေဟာ ဆယ်စုနှစ်တွေတိုင်အောင် အိုင်တီကုမ္ပဏီတွေကိုအသုံးချပြီး အင်တာနက်အသုံးပြုသူတွေရဲ့ အချက်အလက်အများအပြားကို စုဆောင်နေကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။
Source: WION
#World_News #Appleနှင့်အမေရိကန်ထောက်လှမ်းရေးတို့ပူးပေါင်း #လျှို့ဝှက်ထောက်လှမ်းနေ
#ရုရှားစွပ်စွဲ
#YMG #Yangon_Media_Group