#World_Military
Published_ 29 May 2023

ယူကရိန်းမြို့တော် စတင်တည်ထောက်တဲ့နှစ်ပတ်လည်နေ့အကြို တနင်္ဂနွေနေ့မှာ ယူကရိန်းတို့ ဒရုန်းတိုက်ခိုက်မှုကြီးကြီးမားမား ခံစားခဲ့ရပါတယ်။

ဒရုန်းတိုက်ခိုက်မှုကြောင့် ၇ ထပ်အဆောက်အအုံကနေ အပျက်အစီးအစအနများ ပြုတ်ကျလာသဖြင့် အသက် ၄၁ နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး ဆေးရုံတင်ခဲ့ရကြောင်း မြို့တော်ဝန်'ဗီတာလီကလစ်ချ်ကို'က အတည်ပြုလိုက်ပါတယ်။

မြို့တော် ခရိုင်အသီးသီးရှိ အထပ်မြင့်အဆောက်အအုံနှစ်ခုကို ပျက်ကျလာတဲ့ဒရုန်းအစအနများ ထိမှန်ကာ မီးလောင်ကျွမ်းခဲ့ပါတယ်။

တောင်ပိုင်းမှ ဟိုလိုဆီယစ်ဗ်စကီခရိုင်ရှိ ဂိုဒေါင်များလည်း မီးလောင်စွဲခဲ့တယ်လို့ ယူကရိန်းအရာရှိများ ပြောကြားခဲ့ပါတယ်။

ရုရှားဟာ kamikaze အီရန်ဒရုန်း ၅၄ စင်းနဲ့ တိုက်ခိုက်ခဲ့ရာ ၅၂ စင်းကိုပစ်ချနိုင်ခဲ့ပြီး ယူကရိန်းလေကြောင်းကာကွယ်ရေးစွမ်းရည်ကို ပြသရာရောက်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောကြားလိုက်ပါတယ်။

"ရန်သူတွေရဲ့ ဒုံးကျည်တွေ၊ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ဒရုန်းတွေကို ဖျက်ဆီးဖို့ရှာဖွေနေပြီး ဒီဒရုန်းတွေ ဒုံးကျည်တွေကို ပစ်ချလိုက်တိုင်း အသက်တွေကိုကယ်ဆယ်နိုင်တာဖြစ်တဲ့အတွက် သူရဲကောင်းတွေပါပဲ" လို့ သမ္မတ'ဇယ်လန်စကီ'က လေကြောင်းကာကွယ်ရေးကို ချီးကျူးလိုက်ပါတယ်။

ယူကရိန်းမြို့တော်အုတ်မြစ်ချတာ နှစ်ပေါင်း ၁,၅၀၀ ကျော်ရှိလာပြီး နှစ်ပတ်လည်နေ့အတွက် ပြည်သူများပြင်ဆင်နေကြတဲ့အချိန်မှာ ရုရှားတို့က တမင်ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းအရာရှိများက စွပ်စွဲလိုက်ပါတယ်။

ရုရှားတို့ နောက်ထပ်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်တာကိုခန့်မှန်းပြီး ယူကရိန်းဒေသ ၁၂ ခုမှာ တနင်္ဂနွေနေ့က လေကြောင်းကျူးကျော်ခြင်းအချက်ပေးဥဩဆွဲခဲ့ပါတယ်။

ရုရှားတို့ဟာ kamikaze ဒရုန်းတွေ၊ အကွာအဝေးအမျိုးမျိုးရှိ ပဲ့ထိန်းဒုံးကျည်တွေဖြင့် ယူကရိန်းကိုပစ်မှတ်ထား တိုက်ခိုက်နေခဲ့ပါတယ်။

ယူကရိန်းဘက်က တန်ပြန်ထိုးစစ်ဆင်ရန်ပြင်ဆင်လာချိန်မှာ အခုလိုမျိုး မကြာခဏတိုက်ခိုက်မှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

ယူကရိန်းအနေဖြင့် ရုရှားကိုတိုက်ခိုက်ရန် အသင့်ဖြစ်နေပြီလို့ ယူကရိန်းထိပ်သီးလုံခြုံရေးအရာရှိကြီးက BBC ကို စနေနေ့က ပြောကြားခဲ့ပါတယ်။

ပူတင်ရဲ့ကျူးကျော်တပ်တွေ သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ပြန်လည်သိမ်းယူရန်တိုက်ခိုက်မှုက ဒီရက်ပိုင်းအတွင်း စတင်သွားဖွယ်ရှိတယ်လို့ ယူကရိန်းအမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး'အိုလက်ဆီဒန်နီလော့ဗ်'က ပြောပြသွားပါတယ်။
Source: WION
#World_Military #ယူကရိန်းမြို့တော် # ထူထောင်ခြင်းနှစ်ပတ်လည်အကြိုနေ့ #ရုရှားဘက်မှဒရုန်းအများအပြားဖြင့်တိုက်ခိုက်
#YMG #Yangon_Media_Group