Published 28 May 2023

အိန္ဒိယနိုင်ငံမှ အစိုးရအရာရှိတစ်ဦးဟာ သူ့ကိုယ်သူဆဲလ်ဖီဆွဲရင်း ရေလှောင်တမံထဲ ပြုတ်ကျသွားခဲ့တဲ့ သူ့စမတ်ဖုန်းကို ပြန်ဆယ်ယူဖို့ ရေလှောင်တမံထဲမှ ရေတွေကို စုပ်ထုတ်ခိုင်းခဲ့တဲ့အတွက် ရာထူးအချခံခဲ့ရပါတယ်။

အစားအသောက်စစ်ဆေးရေးအရာရှိ ရာဂျက် ဗစ်ရှ်ဝပ်စတ်ဟာ ဆဲလ်ဖီးဆွဲရင်း အိန္ဒိယနိုင်ငံ အလယ်ပိုင်း ချက်တစ်ဂတ်   ပြည်နယ်က ခါကာတာဆည်ထဲ သူ့ရဲ့ ဆမ်ဆောင်းစမတ်ဖုန်းလွတ်ကျသွားခဲ့တာဖြစ်ပါတယ်လို့ တိုင်းအော့်ဖ်အိန္ဒိယ သတင်းစာကရေးသားပါတယ်။

ဗစ်ရှ်ဝပ်စ်က ပထမဆုံး ဒေသခံရေငုပ်သမားတွေကို ရေလှောင်တမံထဲ ခုန်ဆင်းပြီး သူ့စမတ်ဖုန်းကိုရှာခိုင်းပါတယ်။ သူက သူ့ဖုန်းထဲမှာ အရေးကြိးတဲ့ အစိုးရသတင်းအချက်အလက်တွေပါလို့ ဆိုပြီး အကြောင်းပြပါတယ်။ ရေငုပ်ရှာကြပေမယ့် ဖုန်းကိုရှာမတွေ့တဲ့အခါ သူက ဒီဇယ်ရေစုပ်စက်တွေသုံးပြီး ရေတွေကို ကုန်အောင်ထုတ်ပစ်ခိုင်းတာဖြစ်ပါတယ်။

ရက်ပေါင်း (၃)ရက်ကျော်ကြာပြီးတဲ့အခါမှာ ရေလှောင်တမံထဲက ရေထုထည်စုစုပေါင်း လီတာ နှစ်သန်းကျော် စုပ်ထုတ်ခဲ့ ပါတယ်။ အဲဒီပမာဏဟာ နွေရာသီလိုကာလမျိုးမှာ မြေဧက ၁၅၀၀ခန့်ကို ရေပေးနိုင်ပါတယ်လို့ ဒေသခံမီဒီယာတွေက သတင်းရေးသားပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ်ပျံ့နှံ့သွးတဲ့ ဗွီဒီယိုတွေမှာ ဗစ်ရှ်ဝပ်စ်ဟာ အနီရောင်ထီးကြီးတစ်ခုအောက်မှာ ထိုင်နေပြီး ရေလှောင် တမံထဲကရေတွေကို ဒီဇယ်ရေစုပ်စက်တွေနှင့် စုပ်ထုတ်နေတာကို မြင်တွေ့ကြရပါတယ်။

ဒီရေလှောင်တမံထဲက ရေတွေဟာ အသုံးပြုလို့မရတဲ့ရေတွေဖြစ်တာကြောင့် သူ့အထက်က အရာရှိရဲ့ ခွင့်ပြုချက်နှင့် ရေတွေကိုစုပ်ထုတ်ပစ်တာဖြစ်တယ်လို့ သူက မီဒီယာတွေကိုပြောပါတယ်။

စမတ်ဖုန်းကိုနောက်ဆုံးမှာ ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့် ရေတွေဝင်နေလို့ ပြန်ဖွင့်လို့တောင်မရပါဘူး။

ရေအရင်းအမြစ်တွေကို ဖြုန်းတီးပစ်တယ်လို့ သူ့ကို အများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့တာကြောင့် အာဏာပိုင်တွေက နောက်ပိုင်းမှာ သူ့ကို ရာထူးချထားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ရေရှားပါးဆုံးနိုင်ငံတွေထဲမှာ တစ်နိုင်ငံဖြစ်ပြီး ပူပြင်းလွန်းတဲ့ရာသီဥတုကြောင့် ရေရှားပါးမှုဖြစ်ကာ သီးနှံတွေပျက်စီးဆုံးရှုံးခြင်း၊ တောမီးလောင်ခြင်းနှင့် လျှပ်စစ်မီးပြတ်တောက်ခြင်းတွေကြုံတွေ့နေရတာဖြစ်ပါတယ်။

Source AP

#အိန္ဒိယ

#ရေလှောင်တမံကရေတွေစုပ်ထုတ်ပြီးစမတ်ဖုန်းပြန်ရှာ

#အိန္ဒိယလူမှုဘဝ

#YangonMediaGroup