Published 26 May 2023.

ကမ္ဘာဂြိုဟ်ထက် လေးဆခန့်ကြီးတဲ့ နေပြောက် Sunspot ကြီးတစ်ခုကို သာမာန်မျက်စေ့ဖြင့်ပင် ကမ္ဘာမှမြင်ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲသလိုကြည့်ဖို့ မျက်လုံးကို သင့်တော်တဲ့ မျက်မှန်တပ်ဆင်ထားဖို့လိုအပ်တယ်လို့  လည်းပြောပါတယ်။

Sunspot AR3310 လို့အမည်ပေးထားတဲ့ အဆိုပါနေပြောက်ကြီးဟာ ကမ္ဘာကိုမျက်နှာမူနေတဲ့ နေရဲ့မျက်နှာပြင်ပေါ်က အမည်းရောင်ဧရီယာကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီနေပြောက်ဟာ ကမ္ဘာထက်(၄)ဆကြီးတဲ့အတွက် တယ်လီစကုတ်   အသုံးပြုပြီး ကြည့်စရာမလိုတော့တာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက နက္ခတ္တဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ ဘမ်ဆပ် ယွမ်က အဆိုပါ နေပြောက်ကြီးရဲ့ ရုပ်ပုံကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့တာဖြစ်ပါတယ်။

“ ကြီးမားးလှတဲ့‌ နေပြောက်ကြီးတစ်ခုဟာ‌ နေပေါ်ဖြတ်သန်းနေပြီး အခု ကျွန်တော် ဆိုလာမျက်မှန်တပ်ပြီး ကောင်းကောင်း မြင်နိုင်တယ်” လို့ ယွမ်က ပြောပါတယ်။“ ဒါပေမယ့် မျက်စေ့ကိုကာကွယ်ဖို့ နေကြတ်ရဲ့ကြည့်တဲ့မျက်မှန် ဒါမှမဟုတ် ဆိုလာမျက်မှန်တပ်ကြည့်ဖို့တော့လိုတယ်” လို့ သူကပြောပါတယ်။

နယူးဂျာစီ၊ နယူးယောက်ခ်၊ပင်စီဗန်နီးယားနှင့် နီဘရာစကာတို့ကနေ လူတွေဟာ အဲဒီနေပြောက်ကြီးကို တနင်္လာနေ့က ဓာတ်ပုံမှတ်တမ်း တင်နိုင်ခဲ့ကြပါတယ်။

AR3310 နေပြောက်ကြီးဟာ ကမ္ဘာကိုမျက်နှာမူနေတဲ့အတွက် ပညာရှင်တွေက အနီးကပ်စောင့်ကြည့်နေကြပါတယ်။ နေပြောက်တွေဆိုတာကတော့  နေရဲ့ သံလိုက်စက်ကွင်းတွေဟာ ပုံမှန်မဟုတ်ဘဲ လှုပ်ရှားနေကြတဲ့ နေရာတွေပါ။ နေပြောက်ဟာ သိသာထင်ရှားလှတဲ့ ဆိုလာ အလင်းတန်းတွေထုတ်လွှတ်ပါတယ်။ ဆိုလာအလင်းတန်းဆိုတာ စွမ်းအင်၊ အလင်းနှင့် မြန်နှုန်းမြင့်ဒြပ်မှုန်တွေကို အာကာသထဲ ပစ်လွတ်တဲ့ ကြီးမားတေဲ့ပေါက်ကွဲမှုတစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါ အလင်းတန်းကို မြင့်မားတဲ့ M-flare အဆင့်သတ်မှတ်ထားပြီး ဒါဟာ ဆိုလာအလင်းတန်းတွေရဲ့ စွမ်းအားအရ ဒုတိယမြောက်အကြီးဆုံးဖြစ်ပါတယ်။

အဲဒီလောက်ကြီးမားတဲ့ အလင်းတန်းကြောင့် ရေဒီယိုအမှောင်ကြခြင်းဆိုတာဖြစ်နိုင်ပါတယ်။ အဲသလိုဖြစ်ရင် လေကြောင်း သွားလာမှုကို အကျိုးသက်ရောက်စေနိုင်ပြီး ကာလရှည်ကြာမြင့်တဲ့ ရောင်ခြည်မုန်တိုင်း radiation storms တွေကိုလည်း ဖြစ်ပေါ် စေနိုင်ပါတယ်။ အဲဒီ ရောင်ခြည်မုန်တိုင်းတွေကြောင့် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရောင်စုံအလင်းဖြာမှုတွေ ဖြစ် လာစေနိုင်ပါတယ်။ ပြီးတော့  အလင်းတန်းဟာ လူသားကမ္ဘာကို တိုက်ရိုက်လာရင်တော့ လျှပ်စစ်စနစ်နှင့်ပိုက်လိုင်းတွေကို ဖြတ်တောက်ပစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့လများအတွင်း ယခုလို အံ့မခန်းဖွယ် ဆိုလာရှခင်းတွေ ဆက်တိုင်မြင်တွေ့နေခဲ့ရတာဖြစ်ပါတယ်။ နေဟာ ယင်းရဲ့ ၁၁နှစ်တာ စက်ဝန်းမှာ ယခု အထွတ်အထိပ်ရောက်နေတာဖြစ်ပြီး ဒီလို နေပြောက်တွေကို မကြာခဏ မြင်တွေ့ရဖို့ရှိနေပါတယ်။

Source: WION/Business Insider

#ကမ္ဘာထက်လေးဆကြီးသည့်နေပြောက်ကြီး

#Sunspot

#YangonMediaGroup