#World_Health
Published 8 February 2023

 

'မွန်တေနာဟန်နီလိုင်ယွန်'ငယ်စဉ်က သူ့အမေဟာ ဆေးဖက်ဝင်အကြမ်းခြောက်ရည်အိုး ပုံမှန်ကြိုချက်ပေးလေ့ရှိပြီး အဲဒီထဲမှာ ပူဒီနာအဓိကပါဝင်တဲ့အတွက် အအေးမိနှာစေးခြင်းကို သက်သာစေပါတယ်။

 

ငယ်စဉ်တုန်းကတော့ မကြိုက်ပေမယ့် ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါ စတင်ကြိုက်နှစ်သက်လာပြီး သူငယ်ချင်းတွေနဲ့အတူ အမေလုပ်ပေးတဲ့ ဆေးဖက်ဝင်အကြမ်းခြောက်ရည်တွေ ထိုင်သောက်နေခဲ့ကြောင်း၊ ဆေးခန်းသွားရတာ အလွန်ရှားပါးကြောင်း ပြောပြခဲ့ပါတယ်။

 

နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်အပင်သိပ္ပံပိုင်းမှာ ဘွဲ့ရဖို့ကြိုးစားခဲ့ပြီး ဆေးဖက်ဝင်ပန်းပင်များထုတ်လုပ်တဲ့ Warrior Peak Botanicals ကိုယ်ပိုင်လုပ်ငန်း စလုပ်ခဲ့ပါတယ်။

 

ဆေးဖက်ဝင်ပန်းပင်များနဲ့ အသုံးဝင်ပုံများကိုလည်း သင်တန်းပေးသင်ကြားနေပါတယ်။

 

ဆေးဖက်ဝင်ပြီး စားလို့ရတဲ့ပန်းတွေအမျိုးမျိုးကို လူတွေသိပ်မသိကြပါဘူးလို့ ဝါရှင်တန်မှာနေထိုင်တဲ့ ဟန်နီလိုင်ယွန်က ဆိုပါတယ်။ စားသုံးနိုင်တဲ့ပန်းတွေက ကျန်းမာရေးအကျိုးကျေးဇူးရှိကြောင်း အများအပြားလက်ခံလာကြပါတယ်။

 

၂၀၂၀ လေ့လာချက်တစ်ခုအရ အချို့သောပန်းတွေဟာ နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်နဲ့ ပရိုတိန်းဓာတ်တွေရရှိနိုင်ကြောင်း သိရပါတယ်။

 

ဒါ့အပြင် ရောင်ရမ်းမှုကိုလျှော့ချပေးခြင်း၊ အစာအိမ်အကာအကွယ်ပေးခြင်း၊ ဆီးချိုဆန့်ကျင်ပေးခြင်း၊ ပိုးသေစေခြင်းစတဲ့ အစွမ်းသတ္တိများရရှိစေပါတယ်။

 

ဒါပေမဲ့လည်း ကြုံတွေ့ရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို နားလည်ပြီး ဘေးကင်းစွာစားသုံးနိုင်ရန် ကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

 

တရုတ်၊ အရှေ့အလယ်ပိုင်း၊ အိန္ဒိယအပါအဝင် နေရာအချို့မှာ ပန်းတွေကို ဆေးဘက်ဆိုင်ရာရော စားစရာအဖြစ်ပါ အသုံးပြုကြပါတယ်။

 

ဆေးပင်တိုင်းရှိ အစေ့၊ ပင်စည်၊ အရွက်၊ ပန်းပွင့်၊ အမြစ်၊ အခေါက်တို့မှာ အစွမ်းသတ္တိအမျိုးမျိုးရှိကြကြောင်း အာယုဗေဒပညာရှင်'နစ်ခီတာရှီယာ'က ပြောပြပါတယ်။

 

Purearth အလှကုန်ကုမ္ပဏီတည်ထောင်သူ 'ကာဗီတာခိုဆာ'က ငယ်စဉ်မှာ ခြံထဲမှာကျနေတဲ့ မိုရင်ဂါပန်းတွေကိုကောက်ပြီး ဒိန်ချဉ်၊ ဇီရာမှုန့်တို့ထဲ ထည့်စားရင် အစာခြေခြင်းကို အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။

 

အာယုဗေဒဆေးပညာအရ ပဲလက်ရှ်အရွက်နဲ့ ပန်းပွင့်တွေက ဝက်ခြံလို အရေပြားပြဿနာတွေ ထိန်းညှိပေးကာ အစာခြေခြင်းကို အထောက်အကူဖြစ်စေပါတယ်။

 

စားသုံးနိုင်တဲ့ပန်းတွေက အစားအစာထဲမှာ သဘာဝအရောင်အသွေး၊ သွင်ပြင်၊ အနံ့အရသာတို့ကို ပေးစွမ်းနိုင်ပါတယ်။

 

အသုတ်၊ စွပ်ပြုတ်၊ အကြော်အလှော်၊ အချိုပွဲတို့ထဲမှာ ဆီ၊ ဗင်နီဂါ၊ အရက်တို့စမ်းပြီး စားသုံးနိုင်ပါတယ်။

 

ပန်းအများစုမှာ လိုအပ်တဲ့ဗိုက်တာမင်နဲ့ သတ္တုဓာတ်၊ ဖလေဗိုနွိုက်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးတဲ့ဇီဝဒြပ်ပေါင်းများ ပါဝင်ပါတယ်။

 

Source: South China Morning Post
#Yangon_Media_Group